Acid Test - Liquidity measure
အရင်တစ်ခေါက်က ကျနော်တို့တတွေ Financial ratio တွေအကြောင်း၊ Financial ratio တွေမှာ ဘယ်လို ratio တွေပါတယ်၊ ratio ၆ မျိုးအကြောင်း၊ ratio ၆ မျိုးရဲ့ နာမည်တွေ၊ သူတို့ကို ဘယ်နေရာတွေမှာ ဘာကြောင့်သုံးကြတယ် ဆိုတာတွေကို ပြောခဲ့ကြတယ်။
ဒီနေ့တော့ ကျနော်တို့ အဲဒီ ration တွေထဲက liquidity နဲ့ဆိုင်တဲ့ ratio တစ်ခုဖြစ်တဲ့ Acid test အကြောင်း ပြောကြရအောင်။
Acid-Test Ratio ဆိုတာဘာလဲ?
Acid test ကို ကျနော်တို့က quick ratio လို့လည်းခေါ်ကြတယ်။ အလွယ်ဆုံးအရှင်းဆုံးပုံစံနဲ့ ရှင်းပြရရင် acid test သည် လုပ်ငန်းအနေနဲ့ ကာလတိုပေးရန်ရှိ(short-term liabilities)တွေကို ပေးဆပ်နိုင်စွမ်း ဘယ်လောက်ကောင်းသလဲ ဆိုတာကို balance sheet ကိုကြည့်ပြီး တိုင်းတာတာပဲ။
ဒီနေရာမှာ ကာလတိုကို ဘာလို့ဦးစားပေးရလဲဆိုတော့ ပေးရန်ရှိတွေမှာ cost of borrowing သည် ကာလတို ပေးရန်ရှိတွေမှာ ပိုများလို့။ လုပ်ငန်းတွေမှာ ပေးရန်ရှိတွေသည် ကာလတို၊ ကာလရှည်၊ ကာလလတ် စသဖြင့် ပုံစံအမျိုးမျိုး ရှိနေတတ်တယ်။ အဲဒီအထဲမှာ ကာလတိုပေးရန်ရှိတွေသည် ခေါင်းအကိုက်ရဆုံး၊ cost of borrowing အများဆုံး၊ ပြန်ပေးနိုင်ဖို့ အခက်ခဲဆုံး ဖြစ်နေတတ်တယ်။ ဝန်ထမ်းလစာမရှိသေးလို့ ငွေလှည့်ထားတာတွေ၊ လက်ထဲငွေမလည်သေးလို့ supplier ကို မရှင်းနိုင်သေးတာတွေ၊ contractor တွေ၊ third party တွေ၊ ဘဏ်တွေကို မပေးနိုင်သေးတာတွေ စသဖြင့် အချိန်တိုတွင်း ပေးဖို့လိုတဲ့ ပေးရန်ရှိတွေကို ကာလတိုကြွေးမြီ၊ ကာလတိုပေးရန်ရှိလို့ သတ်မှတ်နိုင်တယ်။
ပုံမှန်အားဖြင့်တော့ Acid test ရဲ့ ratio ကို 1.0 ထားပြီး သတ်မှတ်တယ်။ 1.0 ထက်ပိုများရင် အခြေအနေကောင်းတယ်။ 1.0 အောက်ကို ကျနေရင် အခြေအနေဆိုးတယ်လို့ သတ်မှတ်တယ်။
Key Takeaways
- Acid test သည် လုပ်ငန်းရဲ့ short-term asset တွေနဲ့ short-term liabilities တွေကို နှိုင်းယှဉ်ပြီး၊ ချက်ချင်းပေးဖို့လိုတဲ့ လတ်တလော ကာလတိုကြွေးမြီတွေကို လုပ်ငန်းဘက်က ပြန်ဆပ်နိုင်စွမ်း ဘယ်လောက် ရှိနေလဲဆိုတာကို လေ့လာတဲ့အခါ သုံးတယ်။
- Acid test သည် ရုတ်ချည်းချက်ချင်း ငွေဖော်ဖို့ခက်တဲ့ ကုန်လက်ကျန်လို current asset တွေကို ထည့်မစဉ်းစားဘူး။
- Acid test သည် ရရန်ရှိ (account receivable) တွေက တစ်ခါတစ်ခါမှာ ရဖို့အတွက် ခက်ခဲတတ်တဲ့ အခြေအနေမျိုး၊ ပေးရန်ရှိတွေက တစ်ခါတစ်ခါ ကာလတိုလို့ပြောပေမဲ့ ပေးဖို့အချိန် များများစားစား ကျန်နေတတ်တာ၊ bargain လုပ်လို့ ရနိုင်သေးတာတွေကို ထည့်မစဉ်းစားပါဘူး။
Acid Test Ratio ကို ဘယ်လိုနားလည်နိုင်လဲ။
ပုံမှန်အခြေအနေတွေမှာ ကုမ္ပဏီတစ်ခုက acid test ratio 1.0 ထက် နည်းနေတယ်ဆိုရင် ဒါကဘာကိုပြောတာလဲဆိုတော့ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ လတ်တလော ပေးရန်ရှိတွေကို ပေးနိုင်ဖို့ လုံလောက်တဲ့ ငွေဖြစ်လွယ်တဲ့ asset တွေ ရှိမနေဘူးလို့ ဆိုလိုချင်တာ။ တကယ်လို့ acid test ratio သည် current ratio (working capital ratio လို့လည်းပြော) ထက် နည်းနေမယ်ဆိုရင် အဲဒီကုမ္ပဏီဟာ ကုန်လက်ကျန်တန်ဖိုးတွေအပေါ် အလွန်အမင်းမှီခိုနေပြီလို့ ပြောလို့ရတယ်။ ကုန်ထုတ်လုပ်ငန်းလုပ်တဲ့သူတွေ၊ ကားဝယ်ရောင်း၊ အိမ်ခြံမြေဝယ်ရောင်း ကုမ္ပဏီတွေ၊ ရှေးဟောင်းပစ္စည်းရောင်းဝယ်တဲ့ ကုမ္ပဏီတွေဆိုရင်တော့ ဒီလိုအနေအထားမျိုးက ကောင်းတဲ့အနေအထား မဟုတ်ဘူး။
ကုမ္ပဏီတစ်ခုက acid test ratio 1.0 ထက် နည်းနေရင်၊ တစ်နည်းအားဖြင့် လတ်တလောပေးရန်ရှိတွေကို ရှင်းပေးဖို့ လက်ထဲမှာ liquid asset တွေ နည်းနေပြီဆိုရင် ဒီကုမ္ပဏီကို သတိထားရတော့မယ်။ ဒါပေမဲ့ acid test အခြေအနေမကောင်းတိုင်း အန္တရာယ်ရှိတယ်လို့ ပြောဖို့ခက်တာလဲ ရှိတတ်တယ်။ ဥပမာ လက်လီအရောင်းဆိုင်တွေဆို supplier ဆီက ခေါက်ပြန်ကြေးယူထားတယ်၊ လတ်တလောလည်း ချက်ချင်းကြီး ကုန်တွေက ရောင်းမထွက်သေးဘူး၊ ကိုယ့်ဆီက ဖောက်သည်တွေကလည်း မကြာခဏအကြွေးယူထားကြတယ်၊ သူတို့ဆီက လက်လီစိတ်ပြီး ပြန်ကောက်နေရတာလည်း ရတော့ပြန်ရတယ်၊ ကြာတတ်တယ် ဆိုတာမျိုး ရှိနေတတ်တယ်။ ဒါကလက်လီဆိုင်လေးတွေမှာ၊ ကုန်စုံဆိုင်လေးတွေမှာ ကြုံနေကြ သဘောသဘာဝ။ ဒါမျိုးကတော့ စိုးရိမ်စရာသိပ်များများ မရှိဘူးပေါ့။
တစ်ဘက်မှာလည်း acid test ratio ကောင်းလွန်းနေတယ်ဆိုတိုင်း ကုမ္ပဏီက အခြေအနေကောင်းနေတယ်လို့ ယူဆလို့မဖြစ်တာမျိုးလည်း ရှိနေတတ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုရင် လက်ထဲမှာ cash တွေ ပုံနေတယ်၊ ဒါကိုဘယ်လို reinvest ပြန်လုပ်ရမယ် မသိဘူးဖြစ်နေတာ၊ ဒါမှမဟုတ် ရှယ်ယာရှင်တွေကို ပြန်မခွဲဝေပေးသေးဘဲ၊ management က လှည့်သုံးနေတာ၊ ဒါမျိုးတွေ ဖြစ်နေနိုင်တယ်။ ဒါမျိုးဆိုရင် ကျနော်တို့က ကုမ္ပဏီအနေနဲ့ BCG Matrix မှာ cash cow တွေများနေပြီး stars တွေ မရှိဘူး ဖြစ်နေတယ်လို့ ယူဆမယ်ပေါ့။
Acid Test Ratio ကို ဘယ်လိုတွက်ယူမလဲ?
Acid test ratio ကို တွက်ယူပုံ အမျိုးမျိုး ရှိတယ်။ အခေါ်အဝေါ်လေးတွေပေါ့။ အဲဒါလေးတွေ ကွဲနေတတ်တယ်။ ဒါပေမဲ့ ငွေဖြစ်လွယ်တဲ့ asset တွေကိုတည်ပြီး၊ ကာလတို(လတ်တလော)ပေးရန်ရှိနဲ့ စားလိုက်တာကိုပဲ acid test ခေါ်တာပါပဲ။ ဥပမာ ဒေါ်လာစျေးတက်မယ်ဆိုတာ သိထားတယ်၊ အဲဒါကြောင့် လုပ်ငန်းနဲ့ မဆိုင်ပေမဲ့ ဝယ်စုထားလိုက်တယ် ဆိုတာမျိုး၊ ကုမ္ပဏီတစ်ခုက အခြေအနေမကောင်းဘူး၊ ရှယ်ယာတွေကျနိုင်တယ်ဆိုတာသိလို့ short position ယူထားတယ်ဆိုတာမျိုး။ ဒါမျိုးတွေမှာ သူတို့ကို short term investment ဆိုပြီး ထည့်တွက်ထားလို့ရတယ်။ ပုံမှန်မှာတော့ ရရန်ရှိတွေကို ထည့်တွက်တတ်ကြတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းလို့ ရရန်ရှိက အချိန်အကြာကြီးနေမှ ရတာမျိုး၊ အလီလီခွဲရတတ်တာမျိုးဆိုရင်တော့ ထည့်တွက်ဖို့ကို နည်းနည်းစဉ်းစားရမယ်။
Acid Test ရဲ့ formula ကတော့
$$ Acid\ Test\ =\ {Cash\ +\ Cash\ Equivalents\ + \ Marketable\ Securities\ + \ Accounts \ Receivables \over Current \ Liabilities} $$
နောက်ထပ်ပုံစံတစ်ခုအနေနဲ့ လုပ်လေ့ရှိကြတာက current asset တွေ အားလုံးထဲက ငွေဖြစ်ဖို့ခက်တဲ့ asset တွေကို နှုတ်ပြီးတော့ ရလာတဲ့ရလဒ်ကို current liabilities တွေနဲ့ ပြန်စားလိုက်တာပါ။ ဒီနေရာမှာ သတိထားရမှာက ကုန်လက်ကျန်ကို ဖယ်ထုတ်ထားသင့်ရင် ထုတ်ထားဖို့နဲ့ balance sheet ထဲက asset တွေမှာ ရုတ်ချည်းချက်ချင်း ငွေဖော်ဖို့မဖြစ်နိုင်တာတွေကို ဖယ်ထုတ်ထားဖို့ပါ။
စားခြေနေရာက current liabilities တွေမှာတော့ တစ်နှစ်အတွင်းပေးဖို့လိုတဲ့ ပေးရန်ရှိအကုန်လုံးကို ထည့်သွင်းရပါမယ်။ တကယ်လို့များ ကိုယ်က project အတွက် ဘဏ်ကငွေချေးလိုက်တာ၊ အဲဒါကို ၁ နှစ်အတွင်း ပြန်ပေးရတော့မယ်။ ဒါပေမဲ့ project က ငွေပြန်ရဖို့က ၁ နှစ်မကဘူး ကြာနေဦးမယ်ဆိုရင် ဒါက acid test အတွက် ပြဿနာ ရှိနေပါပြီ။
တစ်ဘက်မှာလည်း ကျနော်တို့ မြန်မာပြည်မှာလို ငွေစျေးမတည်မငြိမ် မကြာခဏ ဖြစ်တတ်တဲ့ အခြေအနေမျိုးမှာ ငွေစျေးပြောင်းနိုင်ချေရှိလို့ ပစ္စည်းများများ ကြိုမှာထားတယ်၊ ကြိုဝယ်ထားတယ်။ အဲဒါကြောင့် inventory တွေ များနေတယ်ဆိုရင် ဒီအချက်ကို acid test မှာ ထည့်စဉ်းစားပေးကြဖို့ လိုပါမယ်။
Acid Test Ratio အတွက် နမူနာများ
ကျနော်တို့ ဒီနေရာမှာ Apple Inc. ရဲ့ Balance Sheet ကို နမူနာအနေနဲ့ လေ့လာပြီး Acid test ကို တွက်ကြည့်ကြပါမယ်။
| Category | Amount (millions of USD) |
|---|---|
| Current Assets | |
| Cash and cash equivalents | 37,119 |
| Short-term marketable securities | 26,795 |
| Accounts receivable | 30,213 |
| Inventories | 5,876 |
| Vendor non-trade receivables | 35,040 |
| Other current assets | 18,112 |
| Total current assets | 153,154 |
| Current Liabilities | |
| Accounts payable | 74,362 |
| Other current liabilities | 49,167 |
| Deferred revenue | 7,876 |
| Commercial paper | 5,000 |
| Debt | 11,169 |
| Total current liabilities | 147,574 |
ဒီဇယားကနေ ကျနော်တို့ ဘာတွေရမလဲဆိုရင် စားလဒ်မှာ
- cash နဲ့ cash equivalents တွေ
- ကာလတို marketable securities တွေ
- Account receivable တွေ
- Vendor non-trade receivables တွေ
စားခြေနေရာမှာတော့
- account payable တွေ
- current liabilities တွေ အားလုံးစုထားတာတွေ
အဲဒါကို တွက်လိုက်ရင်
$$ Apple's\ Acid\ Test\ =\ {($37,119\ +\ $26,795\ +\ $30,213\ +\ $35,040) \over ($74,632\ +\ $49,167)}\ =\ 1.043 $$
ဒီနေရာမှာကြည့်လိုက်ရင် Apple Inc. ရဲ့ Acid test ratio က အခြေအနေ အရမ်းကောင်းလွန်းနေတယ်လည်းမဟုတ်၊ ဆိုးနေတယ်လည်း မဟုတ်ဘဲ၊ industry standard နဲ့အညီ ရှိနေတယ်ဆိုတာကို တွေ့ရမှာပါ။
ဒီနေရာမှာ သတိထားစေချင်တာက လူတိုင်းက Acid test ratio မှာ ဘာကပါသင့်တယ်၊ ဘာကမပါသင့်ဘူး ဆိုတာအပေါ် သဘောမတူကြဘူး ဆိုတာပါ။ အဲဒီတော့ ကိုယ်ကဘာကိုအဓိကထားကြည့်ချင်တာလဲ၊ အဲဒါကိုအခြေခံပြီး ကိုယ့် formula ကို အဓိပ္ပာယ်စုံလင်အောင် တွက်ချက်ယူကြဖို့ ဖြစ်ပါတယ်။
Acid Test နဲ့ Current Ratio ဘာတွေကွာခြားလဲ?
Working capital ratio လို့လည်းခေါ်တဲ့ current ratio ကရော၊ acid-test ratio ကရော ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ကာလတိုပေးရန်ရှိတွေကို ပြန်ပေးနိုင်ဖို့ အင်အားဘယ်လောက် ရှိနေကြလဲ ဆိုတာကို တိုင်းတာကြည့်ကြတာချည်းပါပဲ။ ဒါပေမဲ့ current ratio မှာတော့ inventory ကိုပါ ထည့်စဉ်းစားတဲ့အတွက် တကယ်လို့ inventory ကို မြန်မြန်ဆန်ဆန် ရောင်းချတာမျိုး မလုပ်နိုင်တဲ့အခါမျိုးမှာ လက်တွေ့အဖြေနဲ့ စာရွက်ပေါ်က အဖြေတွေ ကွဲလွဲနေတတ်ပါတယ်။ Current ratio မှာက တစ်နှစ်အတွင်း ငွေဖော်နိုင်မဲ့ asset တွေ အကုန်လုံးကို current asset အနေနဲ့ စဉ်းစားတယ်။ တစ်ဘက်မှာတော့ Acid test က ရက် ၉၀ ပဲ ကန့်သတ်ထားတယ်။ ၃ လအတွင်း ငွေမဖော်နိုင်မဲ့ asset မျိုးကို ထည့်မစဉ်းစားဘူး။
Conclusion
အနှစ်ချုပ်ကို ပြန်ပြောရရင် Acid Test Ratio သည် ကုမ္ပဏီတစ်ခုက သူ့ရဲ့ကာလတိုပေးရန်ရှိတွေကို ပြန်ပေးဆပ်ဖို့ ဘယ်လောက်အင်အားရှိလဲ ဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။ Acid test မှာ ရလဒ် 1.0 နဲ့ 1.0 အထက်ဆိုရင် အခြေအနေကောင်းတယ်လို့ ယေဘုယျသတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကုန်လက်ကျန်ကို ထည့်စဉ်းစားသင့်၊ မစဉ်းစားသင့်၊ နောက်တစ်ခါ current liabilities တွေ၊ ပေးရန်ရှိတွေရဲ့ သဘောသဘာဝစတာတွေကိုလည်း ချင့်ချိန်ကြည့်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိထားစေချင်ပါတယ်။
